Myanmar Rice Federation (MRF)                                                                                                   login     Home      Contact Us      Facebook   

အဆင့်မြင့်ဆန်များတင်ပို့နိုင်ရေး အရည်အသွေးကောင်းစပါးမျိုးများ စိုက်ပျိုးထုတ်လုပ်

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် စက်မှုစီးပွားရေးနိုင်ငံအဖြစ်ကို ဦးတည်ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ နိုင်ငံ၏ GDP ကိုကြည့်လျှင် လယ်ယာထွက်ကုန်သီးနှံများပါဝင်မှုသည် ၁၈ ရာခိုင်နှုန်းရှိသကဲ့သို့ ပို့ကုန်စုစုပေါင်း ၄၇ ရာခိုင်နှုန်းခန့်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဆန်စပါးတင်ပို့မှုကိုကြည့်လျှင် တန်ချိန် ၁ ဒဿမ ၄ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ယခင်ဆန်စပါးတင်ပို့မှုကို နိုင်ငံတော်က ကိုင်တွယ်ခဲ့စဉ်က ၁၉၉၄-၉၅ ဘဏ္ဍာရေးနှစ် နှင့် ၂၀၀၁-၂၀၀၂ ဘဏ္ဍာနှစ်များတွင် တန်ချိန် တစ်သန်းခန့် အများဆုံး တင်ပို့နိုင်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆင့်မြင့်ဆန်များတင်ပို့နိုင်ရေးအတွက် အရည်အသွေးကောင်းမျိုးစပါးများ စိုက်ပျိုးထုတ်လုပ်နိုင်အောင် ဆောင်ရွက်ခြင်းနှင့် ခေတ်မီသိုလှောင်ရုံများ တည်ဆောက်ခြင်းများအပြင် ခေတ်မီဆန်စက်များ တည်ဆောက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ဆန်ဈေးကွက် မြန်မာ့ဆန်နေရာရရှိရေး၊ အခြားဆန်တင်ပို့သည့်နိုင်ငံများနှင့် ယှဉ်ပြိုင်ထုတ်လုပ်လာနိုင်ရေးနှင့် ဈေးကွက်တွင် သင့်တင့်သော ဈေးနှုန်းပြန်လည်ရရှိရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ၀ ဒသမ ၅ ရာခိုင်နှုန်းခန့်သာရှိသေးသည့်အတွက် လယ်ယာကဏ္ဍ၌များစွာ ရင်းနှီးမြှုပ်နှံရန် လိုအပ်နေခြင်းကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်က မေလ ၄ ရက်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၌ ကျင်းပသော ဂျပန်နိုင်ငံ MITSUI Co., Ltd. နှင့် Myanmar Agribusiness Public Corporation Ltd. (MAPCO) တို့ ပူးပေါင်း၍ တန်းမြင့်ဆန် ငါးရာခိုင်နှုန်း တန်ချိန် ၅၀၀၀ တင်ပို့နိုင်မှု အထိမ်းအမှတ် အခမ်းအနားတွင်ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်များ၏ စဉ်ဆက်မပြတ် ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတတ်မှုအရှိန်အဟုန်များရရှိနေ ပြီဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ ဆန်တင်ဒါကို ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလတွင် Global တင်ဒါစနစ်ဖြင့် ယခုကဲ့သို့ တန်းမြင့်ဆန် ငါးရာခိုင်နှုန်း တန်ချိန် ၅၀၀၀ ကို တင်ပို့နိုင်ခဲ့ခြင်းဖြစ်၍ မြန်မာနိုင်ငံမှ ထွက်ရှိမည့် အဆင့်အတန်းမီ ဆန်ကောင်းဆန်သန့်များ ဂျပန်နိုင်ငံအပါအ၀င် ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် ကြိုးစားကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်နှင့် ဂျပန်နိုင်ငံလယ်ယာ၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Takeharu Imashiro တို့က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

Copyright © 2013 Myanmar Rice Federation (MRF). All Rights Reserved.