MYANMAR RICE FEDERATION(MRF)

Introduction

နှုတ်ခွန်းဆက်လွှာ

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)၏ ၂၀၁၆-၂၀၁၇ သက်တမ်းကာလသည် ၂၀၁၅ ရွေးကောက်ပွဲတွင်အနိုင်ရသော NLD ပါတီမှ ဦးဆောင်ဖွဲ့စည်းသည့် အစိုးရသစ်၊ လွှတ်တော်သစ်များ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးဆိုင်ရာ စတင်ဦးဆောင်မှုပြုသော အချိန်ကာလနှင့်တိုက်ဆိုင်ပါသည်။ ရွေးကောက်ပွဲပြီး၍ အစိုးရမဖွဲ့ခင်အချိန်ဖြစ်သော(၅.၂.၂၀၁၆)တွင် နှစ်ပတ်လည်အစည်းအဝေးနှင့် အတူ “မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေးဆောင်ရွက်ရန်ကိစ္စများကို အစိုးရသစ်ထံသို့ တင်ပြခဲ့ပါသည်။

အထူးသဖြင့် စိုက်ပျိုးရေးစရိတ်ချေးငွေကို တစ်ဧကလျှင်(၁)သိန်းပေးနေရာမှ (၁)သိန်းခွဲနှုန်းတိုးမြှင့်ပေးရန်နှင့် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ပြုပြင်ပြောင်းလဲရေးကိစ္စအတွက် အထူးအလေးပေးအကြံပြု တင်ပြခဲ့ခြင်း ကြောင့် စပါးစိုက်တောင်သူလယ်သမားများအနေဖြင့် အစိုးရသစ်တက်လျှင်တက်ခြင်း စိုက်ပျိုးစရိတ် ချေးငွေကို တိုးတက်ရရှိရန်အတွက် အသင်းချုပ်မှ ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

ထို့အပြင် နိုင်ငံတော်အစိုးရထံသို့ လယ်ယာကဏ္ဍတစ်ခုလုံး ဟန်ချက်ညီညီလိုက်ပါဖွွံ့ဖြိုး ရေးအတွက် လက်တွေ့ကျသောအစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရမည့် အဆိုပြုတင်ပြချက် (Strategic PPP Proposal and Recommendations) ကို ၂၀၁၆ ခုနှစ် ဧပြီလတွင်လည်းကောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် လုပ်ငန်းစီမံကိန်းများပါဝင်သည့် Agribusiness Action Plans & Projects ကို ၂၀၁၆ ခုနှစ် သြဂုတ်လတွင်လည်းကောင်း စနစ်တကျပြုစုပြီး နိုင်ငံတော်အစိုးရသို့တင်ပြခဲ့ပါသည်။ အဆိုပါ အကြံပြုချက်များသည် အကြံပြုရုံသက်သက်မျှမဟုတ်ဘဲ လက်တွေ့ဆောင်ရွက်နိုင်သည့် ချက်ချင်းလုပ်ရန်ကိစ္စများ၊ ရေရှည်စဉ်းစားဆောင်ရွက်ရမည့် စီမံကိန်းများပါဝင်ပြီး ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးနှင့် လယ်ယာကဏ္ဍတွင်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုများ တိုးတက်လာမည့် အစီအစဉ်များပါဝင်ပါသည်။ အဆိုပါ တင်ပြအကြံပြုချက်များတွင် အကျိုးတူကန်ထရိုက်လယ်ယာ Contract Farming Zone များ ဖော်ဆောင်ရန်ကိစ္စများ၊ သီးနှံအာမခံစနစ်ထူထောင်ရန်ကိစ္စများ၊ သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေခံ၍ တောင်သူလယ်သမားများအတွက် ချေးငွေရရှိရန်ကိစ္စရပ်များ၊ ပုံစံ(၇)ကို ဘဏ်တွင်အာမခံထား၍ ချေးငွေရယူနိုင်ရန်ကိစ္စများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပတ်သက်သော အကြံပြုချက်များ၊ လယ်ယာစီးပွားရေးဝန်ဆောင်မှုစင်တာ(Agribusiness Services Center-ASC)များ ထူထောင်ရန်ကိစ္စများ၊ ဆန်စပါးကဏ္ဍအတွက် ပြည်တွင်း၊ ပြည်ပမှ ချေးငွေရရှိရေးကိစ္စများ၊ စပါးခွံမှ လျှပ်စစ်ထုတ်သော Biomass Power Generation ကိစ္စများ စသည်ဖြင့် စုံလင်စွာ ပါဝင်ပါသည်။ အဆိုပါ ကိစ္စရပ်များကို အသင်းချုပ်အနေဖြင့်လည်းကောင်း၊ အသင်းချုပ်မှကမကထ ပြုထူထောင်ထားသော အများပိုင်ကုမ္ပဏီဖြစ်သည့် MAPCO   အနေဖြင့်လည်းကောင်း နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း၍ ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုပါသည်။ အဆိုပါလုပ်ငန်းများ အကောင်အထည် ပေါ်လာပြီး မျှော်မှန်းရလဒ်များ ထွက်လာခြင်းအတွက် နှေးကွေးနေသည့်အခြေအနေကို လတ်တလော ရင်ဆိုင်နေရသော်လည်း အစိုးရသစ်လက်ထပ်တွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ ကြိုးပမ်းဆောင်ရွက်နေသည်ဆိုသောအချက်အပေါ် အသိအမှတ်ပြုရမည်ဖြစ်ပါသည်။

ယခုနှစ်တွင် အသင်းချုပ်အနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဆန်စပါးပြည်ပသို့တင်ပို့မှုဆိုင်ရာ သင်တန်းဖွင့်လှစ်နိုင်ခဲ့ခြင်း၊ စက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်း၍ဆန်စပါး ကြိတ်ခွဲထုတ်လုပ်ရေးနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်ခြင်း စသော လူ့စွမ်းအားအရင်း အမြစ်များဖွံ့ဖြိုးရေးကို အနာဂတ်မျိုးဆက်သစ် လူငယ်မောင်မယ်များအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း ကိုလည်း ဂုဏ်ယူဝမ်းမြောက်စွာဖော်ပြလိုပါသည်။ ဆန်စပါးအဓိက စိုက်ပျိုးသော ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားများ၏ တွေ့ကြုံခံစား နေရမှုများ၊ ၎င်းတို့၏ ထင်မြင်ယူဆချက်များနှင့် အကြံပြုချက်များကို ဖော်ထုတ်တင်ပြနိုင်ရေးအတွက် ခရိုင်အဆင့်တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲများ၊ တိုင်းအဆင့်တောင်သူလယ်သမား နှီးနှော ဖလှယ်ပွဲ(ကျိုက်လတ်)ကို နိုင်ငံတော်ဒုတိယသမ္မတ-၂ နှင့် ပြည်ထောင်စုအဆင့်/တိုင်းဒေသကြီးအဆင့် အကြီးအကဲများ ပါဝင်တက်ရောက်မှုဖြင့် (၁၈.၅.၂၀၁၇)ရက်နေ့က MAPCO Golden Lace ဆန်စက်ကြီးတွင် ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ တောင်သူလယ်သမားများနှင့် ဆန်စက်ပိုင်များ၊ ကုမ္ပဏီများ တိုက်ရိုက်ထိတွေ့ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်ကို ကြိုးပမ်းဖော်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ကိုလည်းဖော်ပြလိုပါသည်။ ထို့အပြင် ယခုနှစ်ဘဏ္ဍာနှစ် (၂၀၁၇-၂၀၁၈)တွင် နှစ်အစကတည်းက မျှော်မှန်းထားသော ဆန်တန်ချိန်(၂)သန်းတင်ပို့ရန် ရည်မှန်းချက်ကို ဘဏ္ဍာနှစ်မကုန်မီ ဒီဇင်ဘာလဆန်းပိုင်း တွင်ပင် ပြည့်မီခြင်းကလည်း မြန်မာ့ဆန်စပါးသမိုင်းအတွက် သမိုင်းဝင်အောင်မြင်မှုဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်လည်း အခက်အခဲများကြားကပင် G to G အရောင်းအဝယ်ကို အောင်မြင်စွာ စီစဉ်နိုင်ခဲ့ခြင်း၊ တန်းမြင့်ဆန် (5% Grade)ကို တန်(၁)သိန်းစာချုပ်ချုပ်ရောင်းနိုင်ခြင်း တို့အတွက်လည်း အသင်းချုပ်၏ အလုပ်အမှုဆောင်များ၏ ကြိုးပမ်းမှုစွမ်းရည်ကို အသိအမှတ်ပြု ရပါမည်ဖြစ်ပါသည်။ အသင်းချုပ်အနေဖြင့် ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေးကို ပို့ကုန်တိုးတက် တင်ပို့နိုင်မှုကို အခြေပြု၍ဆောင်ရွက်သည့် Export-led Growth Strategy for Rice Sector ကို မူဝါဒချမှတ်ဆောင်ရွက်နေသည်ဖြစ်ရာ ယခုနှစ်တွင် ဆန်တန်ချိန်(၂)သန်းကျော်တင်ပို့နိုင်ခြင်းသည် မြန်မာ့ဆန်စပါးကဏ္ဍအတွက် ထုတ်လုပ်မှုစွမ်းရည် Productivity တက်ရန် အားပေးမှုဖြစ်သလို take off အဆင့်မှ တည်ငြိမ်မှန်ကန်စွာ ဖွံ့ဖြိုးမှုအဆင့်သို့ ကူးပြောင်းနိုင်တော့မည့် အလားအလာဖြစ်သည်ဟု ပညာရှင်များကမှတ်ချက်ပြုကြပါသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်စပါးကဏ္ဍနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် မိမိတို့မျှော်မှန်းထားသည်များအားလုံးကို မလုပ်နိုင်သေးသော်လည်း ရောက်သင့်သောနေရာတစ်နေရာသို့ ရောက်ရှိသည်အထိ ဆောင်ရွက်နိုင်ပြီဖြစ်၍ ပါဝင်ကူညီဆောင်ရွက်ပေးကြသော အသင်းချုပ်၏ အကြံပေးများ၊ ညီလာခံကိုယ်စားလှယ်များ၊ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များနှင့် ဝန်ထမ်းများကိုလည်းကောင်း၊ အနီးအဝေးမှ ဝေဖန်အကြံပြုပေးသော အသင်းဝင်များအားလုံးကို လည်းကောင်း ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။ ရွေးချယ်တင်မြှောက်ပွဲများ ပြီးပါက ၂၀၁၈ နှစ်သစ်နှင့်အတူ ပေါ်ပေါက်လာမည့် အသင်းချုပ်၏ စီမံခန့်ခွဲရေးကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ အလုပ်အမှုဆောင်ကော်မတီ စသောအသင်းချုပ်၏ အဆင့်ဆင်သော အမှုဆောင်များအနေဖြင့် မြန်မာ့ဆန်စပါးဥပဒေပေါ်ထွက်ရေး၊ ဆန်စပါးကုန်သွယ်မှု မူဝါဒပေါ်ထွက်ရေး၊ ဆန်စပါးကဏ္ဍရှိ SME များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိတို့ရည်မှန်းထားသော ဦးစားပေးစီမံကိန်းများ၊ အစီအစဉ်များကို ဆောင်ရွက်အကောင်အထည်ဖော်ရေး စသော ဆောင်ရွက်လက်စလုပ်ငန်းဆောင်တာ များကို ကိုယ်ကျိုးစီးပွားရှေ့တန်းမတင်ဘဲ အများအကျိုးနှင့် ဆန်စပါးလောက ရေရှည်ဖွံ့ဖြိုးမှုအကျိုးတို့ကို ဦးစားပေးဖော်ဆောင်သွားရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ အသင်းချုပ်၏ ဦးဆောင်မှုအောက်တွင် မိမိတို့ဆန်စပါးလောကသားများ အားလုံးစည်းလုံးညီညွတ်စွာဖြင့် ရပ်တည်နေထိုင်ပြီး စီးပွားဥစ္စာဖြစ်ထွန်း အောင်မြင်စေရန် ဆုမွန်ပြုပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် “ပြည်သူနှင့်အတူ” ဆိုပြီး တိုင်းပြည်ဖွံ့ဖြိုးရေးကြိုးပမ်းဆောင်ရွက်နေချိန်တွင် မိမိတို့အနေဖြင့်လည်း ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေးကို “နိုင်ငံတော်နှင့်အတူ” အားထုတ်လုပ်ဆောင်နိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

Powered by Drupal