Myanmar Rice Federation (MRF)                                                                                                   login     Home      Contact Us      Facebook   

မြန်မာဆန်စက်နှင့် လယ်ယာထွက်ကုန်တန်ဖိုးမြှင့်စက်ကိရိယာပြပွဲ ၂၀၁၃

မြန်မာဆန်စက်နှင့် လယ်ယာထွက်ကုန် တန်ဖိုးမြှင့်စက်ကိရိယာပြပွဲ ၂၀၁၃ ကို မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူ လယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) တွင် ၂၀၁၃ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။

ပြပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် နှင့် မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတတ် (MAPCO) တို့ ပူးပေါင်း၍ လယ်ယာထွက်ကုန်စက်မှုကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတတ်စေရန်၊ ခေတ်မီစက်ကိရိယာ နည်းပညာများရရှိစေရန်၊ လယ်ယာကဏ္ဍနှင့်သက်ဆိုင်သည့် ဗဟုသုတများ၊ မိတ်ဆွေအပေါင်းအသင်း (Network) များတိုးပွားစေရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း မှတတ်ရောက်ချီးမြှင့်အားပေးခဲ့ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဦးမြင့်လှိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းမြင့်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းအောင်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်ဝင်း၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်နှင့် မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းတို့မှ မြန်မာဆန်စက်နှင့် လယ်ယာထွက်ကုန်တန်ဖိုးမြှင့်စက်ကိရိယာပြပွဲ ၂၀၁၃ ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။

ပြပွဲတွင် ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ဂျာမဏီ၊ ကိုရီးယားနိုင်ငံများ ဆန်စက်နှင့် လယ်ယာထွက်ကုန် တန်ဖိုးမြှင့်ထုတ်လုပ်သော စက်ကိရိယာများ၊ လယ်ယာသုံးစက်ပစ္စည်းများနှင့် နည်းပညာများ၊ ခေတ်မီထုတ်ပိုးကိရိယာများ၊ နေစွမ်းအင်သုံး ဆိုလာပစ္စည်းများ၊ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးဌာနမှ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် မြန်မာနိုင်ငံ လယ်ယာသုံးစက်ပစ္စည်းကုမ္ပဏီကြီးများနှင့် ဓာတ်မြေသြဇာကုမ္ပဏီကြီးများ အပါအ၀င် ကုမ္ပဏီပေါင်း (၇၁) ခုမှ ပြခန်းပေါင်း (၁၈၀) ကျော်ပြသခဲ့ပါသည်။ အဆိုပါပြပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ၀န်ကြီးများ၊ သံအမတ်ကြီးများ၊ INGO နှင့် NGO များ၊ ဌာန ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များ၊ လယ်ယာထွက်ကုန်ရောင်းဝယ်သည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လယ်ယာကဏ္ဍတွင်ရင်းနှီးမြှုပ်နှံမည့် ပြည်ပအဖွဲ့အစည်းများ၊ ဘဏ်များ၊ သတင်းမီဒီယာများနှင့် အနယ်နယ်အရပ်ရပ်မှ တောင်သူလယ်သမားကြီးများ လာရောက်ခဲ့ပါသည်။

ပြပွဲနေ့ရက်တိုင်းတွင် အငြိမ့်များ၊ လူရွှင်တော်အဖွဲ့များ၊ နာမည်ကြီးအဆိုတော်များ၏ သီဆိုဖျော်ဖြေမှုများ၊ အကအလှအစီအစဉ်များဖြင့် ပြပွဲလာရောက်သူများကို ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။

 

Copyright © 2013 Myanmar Rice Federation (MRF). All Rights Reserved.