တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တင်ပို့မည့် ကုမ္ပဏီများ၊ ဆန်စက်များအား စိစစ်ရွေးချယ်မှု လုပ်ငန်းအခြေအနေ

post-by: 
admin

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
သတင်းထုတ်ပြန်ကြေညာချက် (ဝ၄/၂၀၁၉)
၂၀၁၉ ခုနှစ်၊  ဇွန်လ (၁၉) ရက်
“တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တင်ပို့မည့် ကုမ္ပဏီများ၊ ဆန်စက်များအား စိစစ်ရွေးချယ်မှု လုပ်ငန်းအခြေအနေ”

၁။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ချုပ်ဆိုထားသည့် “မြန်မာနိုင်ငံမှ ဆန်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တင်ပို့ရန် စစ်ဆေးခြင်းနှင့်ပိုးမွှားကင်းစင်ရေးသဘောတူစာချုပ်” (SPS Protocol) တွင် ပါဝင်သည့် စာပိုဒ်(၃) (Article-3) အရ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မည့် ကုမ္ပဏီများ၊ ဆန်စက်များ အားတရုတ်နိုင်ငံ General Administration of Customs China – GACC ၏ လိုအပ်ချက် များနှင့်အညီ စိစစ်ဆောင်ရွက်နိုင်ရန်လုပ်ငန်းစဉ်များကို(၇.၅.၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ စိုက်ပျိုးရေးဦးစီးဌာန (သီးနှံကာကွယ် ရေးဌာနခွဲ)၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန (စားသုံးသူရေးရာဦးစီးဌာန)၊ မြန်မာကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) နှင့် ကုမ္ပဏီများပါဝင်သည့် ညှိနှိုင်းအစည်းအဝေး၌လည်းကောင်း (၂၇.၅.၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များနှင့်ကုမ္ပဏီများ၏ အစည်းအဝေး၌ လည်းကောင်း ကုမ္ပဏီများကို ဖိတ်ခေါ်လျက် ရှင်းလင်း တင်ပြဆွေးနွေးခဲ့ပါသည်။

၂။    ထိုသို့ တရုတ်နိုင်ငံသို့ SPS Protocol နှင့်အညီ ဆန်များတင်ပို့နိုင်ရေးအပါအဝင်  ဆန်တင်ပို့မှု လုပ်ငန်းစဉ် များအားလုံးအပေါ် ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက် “တရုတ်နိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့” ကို ဥက္ကဋ္ဌအဖြစ် (အမြဲတမ်းအတွင်းဝန် - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)၊ ဒုတိယဥက္ကဋ္ဌအဖြစ် (အမြဲတမ်းအတွင်းဝန်- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဌာန)၊ အတွင်းရေးမှူး အဖြစ် (ညွှန်ကြားရေးမှူး - စားသုံးသူရေးရာဦးစီးဌာန)တို့နှင့် စုစုပေါင်း အဖွဲ့ဝင် (၁၃)ဦးတို့ဖြင့် ဖွဲ့စည်းဆောင်ရွက် လျက်ရှိရာ အဆိုပါ ကြီးကြပ်ရေးအဖွဲ့တွင် အသင်းချုပ် ဥက္ကဋ္ဌ-ဦးရဲမင်းအောင် နှင့် အသင်းချုပ်၏ ဗဟိုအလုပ် အမှုဆောင်-ဦးမျိုးသူရအေးတို့မှ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များအသင်း၊ အထွေထွေအတွင်းရေးမှူး-ဦးနေလင်းဇင်မှ အဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ ကြီးကြပ်ရေးအဖွဲ့ကိုယ်စား လုပ်ငန်းဆောင်ရွက်ရန်နှင့် MITS ၏  စစ်ဆေးမှုများကို အထောက်အကူပြုနိုင်မည့် Technical Working Group ကို စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်လျက် စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ MITS မှ တာဝန်ရှိပုဂ္ဂိုလ် များဖြင့်ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ အသင်းချုပ် အနေဖြင့် ဒုတိယဥက္ကဋ္ဌ - ဦးအာယု၊ ဗဟိုအလုပ်အမှုဆောင်-ဦးမျိုးသူရအေးနှင့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ အထွေထွေ အတွင်းရေးမှူး- ဦးနေလင်းဇင်တို့သည် အဆိုပါ Technical Working Group တွင် ပါဝင်ပြီး MITS ၏ စိစစ်သည့် လုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်လျက်ရှိပါသည်။
 
၃။    MITS အဖွဲ့အနေဖြင့် လျောက်ထားသည့် ကုမ္ပဏီ (၄၂)ခု ၏ ဆန်စက်စုစုပေါင်း (၁၀၃) စက်အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ယခုအခါ ကွင်းဆင်းစစ်ဆေးမှုလုပ်ငန်းများပြီးစီးပြီဖြစ်၍ ရွေးချယ်ရေးကိစ္စများကို ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိနေသေးပါကြောင်း၊ ကြီးကြပ်ရေးအဖွဲ့မှ အပြီးသတ် ရွေးချယ်ခြင်းကို အမြန်ဆုံးညှိနှိုင်း ဆောင်ရွက်လျက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လဆန်းအတွင်း တရုတ်နိုင်ငံဘက်သို့ အကြောင်းကြား ပေးပို့ ခြင်းကို ကြီးကြပ်ရေးအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနမှ ပေးပို့သွားမည်ဖြစ်ပါကြောင်း နှင့်အသေးစိတ် သိရှိလိုပါက အသင်းချုပ် ရုံးတွင်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

 

Powered by Drupal